English (United Kingdom)

တက်ကြွလှုပ်ရှားသူတချို့၏ တားဆီးခြင်းခံခဲ့ရသော ကယ်ဆယ်ရေးအင်အားများ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးရှိ ရေဘေးသင့်ဒေသခံများအား ကူညီစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် ကျွန်တော်တို့ ဆောင်ရွက်နေချိန်တွင် တက်ကြွလှုပ်ရှားသူတချို့က တားဆီးပိတ်ပင်ရန် ကြိုးပမ်းမှုများရှိလာသဖြင့် ကျွန်တော်တို့အနေဖြင့် တုန်လှုပ်မိပါသည်။ ယနေ့ နေ့လည်ပိုင်း (၂း၃ဝ)နာရီတွင် ဝမ်ပေါင်မှ ဝန်ထမ်းများက အကူအညီ လိုအပ်နေသော ဒေသခံများအတွက် ထမင်းထုပ်နှင့်သောက်သုံးရေများ သယ်ဆောင်လာချိန်၌ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို နိုင်ငံရေးအရ လှုံ့ဆော်မှုများဖြင့် ဆန့်ကျင်ဆန္ဒပြရန် တုံရွာတွင် လှုပ်ရှားလျှက်ရှိသော အစွန်းရောက်တချို့ကြောင့် ကူညီပံ့ပိုးမှု ရပ်ဆိုင်းခဲ့ရပါသည်။ အဆိုပါ လူတစ်စုသည် ရေဘေးသင့်ကျေးရွာများသို့ သွားရောက်မည့် ကျွန်တော်တို့၏ မော်တော်ယာဉ်များကို ပိတ်ဆို့တားဆီးခြင်း နှင့် ကျွန်တော်တို့ ကုမ္ပဏီမှ လူငယ်ဘာသာပြန်ဝန်ထမ်းများကို တိုက်ခိုက်ခြိမ်းခြောက်မှု ပြုလုပ်ရန် ကြိုးပမ်းခဲ့ကြသည်။ထိုသို့ ပိတ်ဆို့တားဆီးခဲ့မှုကြောင့် ရေဘေးသင့်ဒေသခံများအား လှူဒါန်းမည့် ကျွန်တော်တို့ ချက်ပြုတ်ထားသည့် အစားအစာများနှင့် သောက်သုံးရေများ အားလုံးကို ဆည်တဲ-ဇီးတော ရွာသစ်အနီးတွင် ထားရှိခဲ့ရပါသည်။


ခက်ခဲသော အချိန်ဖြစ်သည့်အားလျော်စွာ လက်ပံတောင်းစီမံကိန်းအနီးရှိ ရေဘေးဒဏ်သင့် ကျေးရွာ (၁ဝ)ရွာကျော်ရှိ ဒေသခံဦးရေ (၅ဝဝဝ)ကျော် အတွက် အကူအညီများလိုအပ်နေချိန်တွင် ဤကဲ့သို့ အကြမ်းဖက်သည့် အပြုအမူမျိုးဖြစ်ပွားခဲ့ရခြင်းအပေါ် ကျွန်တော်တို့အနေဖြင့် ရှုံ့ချပါသည်။ တစ်ချိန်တည်းမှာပင် ရေဘေးဒဏ်ကို အပြင်းထန်ဆုံးခံစားခဲ့ရသော ရွှေလှေ၊တုံနှင့် ဝက်မှေး-ကံတော ရွာသစ်များရှိ ဒေသခံများ အစားအစာနှင့်သောက်သုံးရေမရှိဘဲ အခက်အခဲများအား မည်သို့ ကျော်ဖြတ်ကြမည်ကို (အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များအပေါ်) စိုးရိမ်ပူပန်မိပါသည်။ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ရှိနေပြီး ပြင်ပမှ ကူညီထောက်ပံ့မှုများ အဝင်မခံပါက ထိုရွာများရှိ ရေဘေးသင့် ဒေသခံများအနေဖြင့် ကောင်းမွန်သော မနက်ဖြန်ကို မည်သို့တည်ဆောက်နိုင်ကြပါမည်နည်း။ ဤအချက်ကို ကျွန်တော်တို့အနေဖြင့် လွန်စွာမှ ဂရုပြုမိပါသည်။


လက်ပံတောင်း လူ့အဖွဲ့အစည်းမှ ဒေသခံအများစုသည် ဝမ်ပေါင်မှ အလုပ်သမားဝန်ထမ်းများအား ဆန့်ကျင်သော အကြမ်းဖက် အပြုအမူများတွင် ပါဝင်ခြင်းမရှိဘဲ ကျွန်တော်တို့၏ မိသားစုဝင်ပမာ ရင်းနှီးသော မိတ်ဆွေများဖြစ်လာကြသည်ကိုလည်း ကျွန်တော်တို့သိသည်။ ဒေသခံ အသိုက်အဝန်းသည် အဆိုပါ အပြုအမူလုပ်ရပ်များအပေါ် ဝမ်းနည်းခြင်းဖြစ်သကဲ့သို့ တားဆီးနှောင့်ယှက်မှုများနှင့် အကြမ်းဖက်မှုများဖြစ်ပွားစေသော အစွန်းရောက်သူများအပေါ် ဆန့်ကျင်ကြသည်ကိုလည်း ကျွန်တော်တို့အနေဖြင့် သိပါသည်။
သဘာဝဘေးအန္တရာယ်တစ်ခု ကြုံတွေ့နေရချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ လူသားချင်းစာနာထောက်ထားမှုဖြင့် အကူအညီပေးမှုအပေါ် မည်သည့်အကြောင်းပြချက်နှင့်ဖြစ်စေကာမူ ရပ်တန့်သွားစေရန် တားဆီးပိတ်ပင်ခွင့်မရှိကြောင်း ကျွန်တော်တို့အနေဖြင့် ခိုင်ခိုင်မာမာ ယုံကြည်ပါသည်။ ထို့အတူပင် ကူညီစောင့်ရှောက်မှု အပူတပြင်း လိုအပ်နေသည့် ရေဘေးသင့် ဒေသခံများအများစုကို အစွန်းရောက်သမား လူနည်းစုက ပြန်ပေးဆွဲထားသည့်ပုံစံမျိုးကိုလည်း ကျွန်တော်တို့အနေဖြင့် မလိုလားပါ။