Print

Press Conference held for Wet-Hmay Old Village

Monday, 02 April 2018

လက်ပံတောင်းဒေသ ဝက်မှေးရွာဟောင်းအရေး သတင်းစာရှင်းလင်းပွဲကျင်းပ

 

၂ဝ၁၈ ခုနှစ် မတ်လ(၃၁)ရက်နေ့ နံနက်(၁ဝ)နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဝက်မှေးရွာဟောင်း  ပြောင်းရွေ့မှုကိစ္စနှင့်စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါသည်။ အဆိုပါ ရှင်းလင်းပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးနှင့်ကိုယ်စားလှယ်များနှင့်တကွ ကျေးရွာ ရွေ့ပြောင်းဒေသခံ ကိုယ်စားလှယ်များဖြစ်သည့် ဦးဝင်းဆွေ၊မစိန်နှင့်အခြားဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။

 

 

အဆိုပါရှင်းလင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူက ယခုအကြိမ် ကျေးရွာ ပြောင်းရွှေ့မှုသည် အစိုးရအဖွဲ့ (သို့မဟုတ်) ကုမ္ပဏီ၏ အတင်းဖိအားပေးမှုကြောင့် မဟုတ်ဘဲ ဒေသခံ တောင်သူများ အနေဖြင့် မိမိတို့သဘောဆန္ဒဖြင့် ရွေ့ပြောင်းခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။ ရွာသစ်သို့ ပြောင်းရွှေ့လိုသော ဒေသခံများအနေဖြင့် မပြောင်းရွေ့လိုသော ဒေသခံရွာသားများ၏ တားဆီး နှောင့်ယှက်ခြင်းကို ခံခဲ့ရပါကြောင်း၊အစိုးရအဖွဲ့အနေဖြင့် အစီအစဉ်တကျဖြစ်စေရန် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ထို့အပြင် ဤပြောင်းရွေ့မှုကြောင့် တာဝန်ကျ ရဲဝန်ထမ်းများလည်း ထိခိုက်အနာတရဖြစ်မှုများ ဖြစ်ပွားခဲ့ပါကြောင်း ရှင်းလင်း တင်ပြပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သက်ရောက်လျက်ရှိသော သတ္တုတွင်း ဧရိယာအတွင်းမှ ရွာ(၄)ရွာအနေဖြင့် အသစ်ပြန်လည်တည်ဆောက် ပေးထားသော ရွာများသို့ ပြောင်းရွေ့ရန်လိုအပ်ပြီး လတ်တလောတွင် ရွာ(၂)ရွာဖြစ်သော ကံတောရွာနှင့် ဇီးတောရွာ အနေဖြင့် အလုံးစုံ ပြောင်းရွေ့ပြီး ဖြစ်သကဲ့သို့ ကျန်ရှိသော ဝက်မှေးရွာနှင့်ဆည်တဲရွာ အနေဖြင့် တချို့တဝက် ပြောင်းရွေ့ပြီးဖြစ်ရာ ဝက်မှေးရွာဟောင်းမှ အိမ်ထောင်စု (၄၈) စုမှာ   ပြောင်းရွေ့ရန် ကျန်ရှိနေသေးကြောင်း သိရသည်။ ဝက်မှေးရွာဟောင်း ဒေသခံများ ပြောင်းရွေ့နိုင်ရေးအတွက် ကုမ္ပဏီနှင့်ဒေသခံများအနေဖြင့် အသေးစိတ်ညှိနှိုင်း ဆွေးနွှေးမှုများ ပြုလုပ်နိုင်ခဲ့ပြီး အသေးစား SME စီးပွားရေးလုပ်ငန်းမျိုးစုံ တည်ထောင်ပေးခဲ့နိုင်ခြင်း၊ ဥစားကြက် မွေးမြူရေးခြံ တည်ထောင်ပေးနိုင်ခဲ့ခြင်း များကြောင့် ဒေသခံများအနေဖြင့် အကျိုးများခံစားခွင့်ရရှိနိုင်မည်ဖြစ်သဖြင့် ရွာဟောင်းမှ ကျန်ရှိနေသော ဒေသခံများအနေဖြင့် ကုမ္ပဏီ၏ မူဝါဒ ကို တဖြည်းဖြည်း လက်ခံလာလျှက်ရှိသဖြင့် ပြောင်းရွေ့ရန် သဘောတူညီခြင်းပင် ဖြစ်ပါသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် ဒေသခံရွာသားအချို့မှာ ရွာသစ်သို့ ပြောင်းရွေ့ရန် မူလက စီစဉ်ထားရှိခဲ့သော်လည်း အဆိုပါ ရွာမှ မပြောင်းရွေ့လိုသူများ၏ အကြမ်းဖက် တားဆီးခြင်းနှင့် ရိုက်နှက်ခြင်းကို ခံခဲ့ရသဖြင့် မပြောင်းရွေ့နိုင်ခဲ့ပေ ။ ထို့အတွက်ကြောင့်ပင် ပြောင်းရွေ့လိုသော ဒေသခံများ အနေဖြင့် " အိမ်ထောင်စု (၂၁)စု        ပြောင်းရွေ့မည်ဖြစ်ရာ ရွာမှ မသမာသူများ၏ ထိခိုက် အနာတရဖြစ်စေမှုများမှ ရှောင်လွှဲလိုခြင်း၊ လုံခြုံမှုရှိရှိဖြင့် လျင်မြန်စွာ ပြောင်းရွှေ့လိုခြင်းများကြောင့် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် မျှော်လင့်ပါကြောင်း" ကို ကုမ္ပဏီသို့ ပြောကြားလာခဲ့ပါသည်။ တိုင်းဒေသကြီးအစိုးရမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စေလွှတ်ပေးရခြင်းခြင်း ရည်ရွယ်ချက်မှာလည်း ပြောင်းရွေ့ခြင်းအစီအစဉ်တကျဖြစ်စေရန် ညှိနှိုင်း ဆောင်ရွက်ပေးရန် နှင့် ဒေသခံများ ထိခိုက်အနာတရဖြစ်စေခြင်းများ ကာကွယ်ပေးနိုင်ရန် အတွက် ဖြစ်ပါသည်။ လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ မိမိသဘော ဆန္ဒအလျောက် ပြောင်းရွေ့လိုသော ဒေသခံများကို အကြမ်းဖက်တားဆီးခြင်း ဟူသော အပြုအမူများသည် ဒီမိုကရေစီ နှင့် တရားဥပဒေစိုးမိုးရေး ကို ချနင်းခြင်းပင် ဖြစ်ပါသည်။ အဆိုပါ လူများ၏ တရားဥပဒေ ချိုးဖောက်သော အကြမ်းဖက်ခြင်းနည်းဖြင့် တောင်းဆိုဆန္ဒဖော်ထုတ်ခြင်းသည် ဒီမိုကရေစီစနစ်ကို ကာကွယ်ပေးနေသော သူရဲကောင်းများ မဟုတ်ဘဲ ဖျက်လိုဖျက်ဆီး ပြုလုပ်နေသူများသာ ဖြစ်ပါကြောင်း ရှင်းလင်းစေအပ်ပါသည်။